Sunday, February 7, 2010

Avatar ဇာတ်ကား ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နံပါတ်တစ်နေရာသို့ ရောက်ရှိ

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး နံပါတ်တစ်နေရာအား ဆယ်စုနှစ်တစ်ခုအကြာလွှမ်းမိုးထားခဲ့သည့် Titanic ဇာတ်ကားဝင်ငွေစံချိန်ကို ကျော်ဖြတ်ပြီး Avatar ဇာတ်ကားသည် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး နံပါတ်တစ်နေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
Avatar ဇာတ်ကားသည် စတင် ရုံတင်ပြီး ၄၅ ရက်မြောက်နေ့ ဖြစ်သော ဇန်န၀ါရီလ ၂၅ရက်နေ့ တွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး နံပါတ်တစ်နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ Avatar ဇာတ်ကားမှာဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၄၃ သန်းကျော်ဖြင့် ၀င်ငွေအကောင်းဆုံး နံပါတ်တစ်နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

စီရိုနယ်ဒိုအပေါ် အပြစ်မမြင်သည့် ဒူဒါ


Post Date: 2010-01-30 03:46:09

ရီးရဲလ် ကစားသမား စီရိုနယ်ဒို အပေါ် ပြင်းထန်စွာ ဝေဖန်တော့မည် မဟုတ်ကြောင်း မာလာဂါနှင့် ပေါ်တူဂီ နောက်ခံလူ ဒူဒါက ပြောဆို လိုက်သည်။
စီရိုနယ်ဒိုသည် မာလာဂါ ကစားသမား ပတ်ထရစ်တီလီဂါ၏ မျက်နှာကို တံတောင်ဖြင့် တိုက်ခဲ့သည့်အတွက် တီလီဂါ၏ နှာခေါင်းရိုး ကျိုးသွားခဲ့ရသည်။ ယင်းဖြစ်ရပ်ကြောင့် စပိန်လိဂ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စီရိုနယ်ဒိုအား ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ် ခဲ့သည်။
သို့သော် စီရိုနယ်ဒိုနှင့် ပေါ်တူဂီ အသင်း ကစားဖော် မာလာဂါ နောက်ခံလူ ဒူဒါသည် ယင်းဖြစ်ရပ်မှာ မတော်တဆ ဖြစ်ရပ် တစ်ခုသာ ဖြစ်သည်ဟု ပြောဆို ခဲ့သည်။
"ကံဆိုးမှု တစ်ခုလို့ ပြောလို့ ရပါတယ်။ အဲဒီပွဲပြီးပြီးချင်း ရိုနယ်ဒိုက ကျွန်တော်တို့ အ၀တ်လဲ ခန်းရောက်လာပြီး ပတ်ထရစ်ကို တောင်းပန် ခဲ့ပါတယ်။ အမှန်က စီရိုနယ်ဒိုဟာ ပတ်ထရစ်တီလီဂါရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် ရုန်းထွက်ခဲ့တဲ့ သဘောပါ။ ရိုနယ်ဒိုက ပတ်ထရစ်ရဲ့ ရင်ဘတ်ကို တွန်းဖို့လုပ်လိုက်တော့ ရင်ဘတ်ကို မထိပဲ မျက်နှာကို ထိသွားတာ ဖြစ်ပါတယ်" ဟု ဒူဒါက ပြောကြား ခဲ့သည်။
အဆိုပါ ပွဲတွင် ဒူဒါသည် ရီးရဲလ် နောက်တန်း ကစားသမား ဆာဂျီယို ရာမို့စ်ကို တံတောင်ဖြင့် တိုက်ခဲ့သော်လည်း ဒိုင်လူကြီးမှ ၎င်းအား တစ်စုံတစ်ရာ အရေးယူမှု မပြုလုပ်ခဲ့ပေ။
စီရိုနယ်ဒိုမှ ရှင်းလင်းရာတွင် တီလီဂါသည် ၎င်းထက် အရပ်ပုသောကြောင့် မျက်နှာကို ရိုက်ခဲ့မိခြင်း ဖြစ်ကြောင်း ဆိုသည်။

ပို့စ်မောက်ကို မန်ယူတို့ ဂိုးပြတ် အနိုင်ယူ


Post Date: 2010-02-07 23:03:23

မန်ယူ အသင်းမှာ ပြီးခဲ့သည့် စနေနေ့က အိမ်ကွင်းပရီးမီးယား ပွဲစဉ်အဖြစ် ပို့စ်မောက် အသင်းနှင့် ကစားခဲ့ရာ ၅းဝ ဖြင့် အနိုင် ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ယူ အသင်းမှာ အကောင်းဆုံး တိုက်စစ်ဆင်မှုများဖြင့် ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမပိုင်း မိနစ် ၄၀ တွင် တိုက်စစ်မှူး ရွန်းနေးနှင့် ဒုတိယပိုင်း ၆၂ မိနစ်တွင် ဘာဘာတော့ဗ် တို့၏ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပို့စ်မောက် အသင်းမှာ ယမန်နေ့ ပွဲစဉ်တွင် ပထမပိုင်း ၄၅ မိနစ်၊ ဒုတိယပိုင်း ၅၉ မိနစ်နှင့် ၆၉ မိနစ်များတွင် ဘိုရီ၊ ဟုခ်ျ့ နှင့် ၀ီလ်ဆင်တို့မှာ အိမ်ရှင် မန်ယူအသင်း၏ တိုက်စစ်ကို ဟန့်တားကာကွယ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ကြ၍ ယခုကဲ့သို့ အဝေးကွင်းတွင် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ယခုပွဲ ရလဒ်အရ မန်ယူမှာ ပရီးမီးယား အမှတ်ပေး ဇယားတွင် ရမှတ် ၅၆ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည် နေသော်လည်း ယမန်နေ့၌ အဆင့် ၂ နေရာတွင် ရမှတ် ၅၅ မှတ်ဖြင့် ရှိနေခဲ့သည့် ချဲလ်ဆီးက အာဆင်နယ်ကို အိမ်ကွင်းတွင် ၂းဝ ဖြင့် နိုင်ခဲ့၍ မန်ယူမှာ အဆင့် ၂ သို့ ပြန်ရောက်သွားပြီ ဖြစ်သည်။

ယူရို ၂၀၁၂ ခြေစစ်ပွဲ အုပ်စု အသင်းစာရင်းများ ထွက်ပေါ်



ပိုလန်နှင့် ယူကရိန်း နိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပမည့် ယူရို ၂၀၁၂ ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အုပ်စု အသင်း စာရင်းများကို ယမန်နေ့တွင် မဲခွဲ ကြေငြာလိုက်ပြီ ဖြစ်သည်။ ယင်းအုပ်စု စာရင်းတွင် ဥရောပမှ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား နှင့် မွန်တီနီဂရိုး အသင်းတို့မှာ အုပ်စု(ဆ) တွင် နာမည်ကြီး အင်္ဂလန်၊ ဝေလ အသင်းတို့နှင့်အတူ ပါဝင်လာခဲ့သည်။ စကော့တလန် အသင်းမှာ လည်း လက်ရှိ ဥရောပ ချန်ပီယံ စပိန် နှင့် အုပ်စု(ဇ) တွင် ပါဝင်လာသည့်အတွက် လွယ်ကူမည် မဟုတ်ပေ။
ယခု ယူရို ၂၀၁၂ ခြေစစ်ပွဲ အုပ်စုများတွင် ပူးတွဲ အိမ်ရှင်များ ဖြစ်သည့် ပိုလန်နှင့် ယူကရိန်းတို့ အပါအ၀င် ဥရောပ ကိုယ်စားပြု အသင်း ၁၄ သင်း ပါဝင်ထားကြောင်း သိရသည်။
ဥရောပ ဘောလုံး အဖွဲ့ချုပ်၏ ပြောကြားချက်အရ ယူရို ၂၀၁၂ ပြိုင်ပွဲကို လာမည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ခြေစစ်ပွဲ စတင်ကစားမည့် ရက်ကို ယခုနှစ် လာမည့် စက်တင်ဘာလမှ လာမည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလအထိဟု သတ်မှတ်ထားကြောင်း သိရသည်။
ဥရောပ ဘောလုံး အဖွဲ့ချုပ်မှလည်း ယူရို ၂၀၁၂ ခြေစစ်ပွဲအတွက် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စည်းမျဉ်းများအရ ယခု ယူရို ၂၀၁၂ ခြေစစ်ပွဲ အုပ်စုဝင် အသင်းများအနက် အုပ်စု ပထမ နေရာရမည့် ၉ သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယ နေရာရ အသင်းတစ်သင်းကို အလိုအလျောက် ခြေစစ်ပွဲ အောင်စေမည် ဖြစ်ပြီး အခြားသော အုပ်စုများမှ ဒုတိယ ရမည့် အသင်း ၈ သင်းကို နောက်ဆုံး Play-off နှစ်ကျော့ ကစားစေမည် ဖြစ်သည်။ ယင်း Play-off ကစားမည့် ရက်ကို လာမည့် ၂၀၁၁ နိုဝင်ဘာလဟု သတ်မှတ်ထားကြောင်း BBC မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
အင်္ဂလန်နည်းပြ ကာပယ်လိုက " ကျွန်တော်တို့ရဲ့ ယူရို ၂၀၁၂ အုပ်စုကတော့ သိပ်ပြီး မလွယ်လှဘူး။ အထူးသဖြင့် ဝေလ လို အသင်းမျိုးဟာ ကျွန်တော်တို့အတွက် ဖျက်မြင်း ဖြစ်လာနိုင်ပါတယ်။ ဝေလ အသင်းမှာ ငယ်ရွယ် နုပျိုတဲ့ ကစားသမားတွေ အများဆုံး ရှိနေတယ်လို့ ကျွန်တော် သိရပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန် အသင်းဟာလည်း လျှော့တွက်လို့ မရပါဘူး " ဟု ပြောဆိုလိုက်သည်။
အင်္ဂလန်နှင့် ဝေလ အသင်းတို့မှာ ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်က ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် နောက်ဆုံး ရင်ဆိုင်ခဲ့ဖူးသည့် အသင်းများ ဖြစ်ပြီး ထိုစဉ်က ဝေလမှာ အိမ်ကွင်းတွင် အင်္ဂလန်ကို ၀း၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဝေလ အသင်းမှာ နောက်ဆုံး အနေဖြင့် ၁၉၅၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုသာ အောင်မြင်ခဲ့ဖူးပြီး ၁၉၇၆ ခုနှစ်က ကျင်းပခဲ့သည့် ဥရောပ ချန်ပီယံရှစ် (ယူရို ၇၆) ပြိုင်ပွဲတွင် ကွာတား အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။
ယူရို ၂၀၁၂ ခြေစစ်ပွဲအတွက် ထုတ်ပြန်လိုက်သည့် အုပ်စု စာရင်းများထဲတွင် လက်ရှိ ကမ္ဘာ့ချန်ပီယံ အီတလီမှာ ဆားဘီးယား၊ ဆလိုဘေးနီးယား၊ အက်စ်တိုးနီးယား၊ မြောက်အိုင်ယာလန်၊ ဖာရိုကျွန်းစု အသင်းများနှင့်အတူ အုပ်စု(ဂ) တွင် အတူ ရင်ဆိုင်ရမည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်တွင် ပြင်သစ်မှ တိုက်စစ်မှူး အွန်နရီ၏ လက်ထိဘောကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် ကပ်လွဲခဲ့ရသည့် အိုင်ယာလန် အသင်းမှာ အုပ်စု(ခ) မှ ရုရှား၊ ဆလိုဗက်ကီးယား၊ မက်ဆီဒိုးနီးယား၊ အာမေးနီးယား၊ အန်ဒိုရာ အသင်းတို့နှင့် အဓိကထား ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယူရိုပါ ၂၀၁၂ ခြေစစ်ပွဲ အုပ်စု များစာရင်း

အုပ်စု(က) အုပ်စု(ခ) အုပ်စု(ဂ)
ကာဇက်စတန် အန်ဒိုရာ ဖာရိုးကျွန်းစု
ဘယ်လ်ဂျီယံ မက်ဆီဒိုးနီးယား အက်စ်တိုးနီးယား
သြစတြီးယား အိုင်ယာလန် မြောက်အိုင်ယာလန်
တူရကီ ဆလိုဗက်ကီးယား ဆားဘီးယား
ဂျာမနီ ရုရှား အီတလီ


အကယ်ဒမီဆုရရှိသူများ

အကယ်ဒမီ ပေးပြီ၊ အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကား ဆုအများဆုံးရ
မိုးမခအထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၇၊ ၂၀၁၀

ရုပ်ရှင်လောကသားများ ရင်ခုန်စွာ စောင့်စားနေသည့် အကယ်ဒမီ ဆုပေးပွဲကို ယမန်နေ့ညက ပြုလုပ်ခဲ့သည်။ ဆုပေါင်း ၇ ဆု ပေးအပ်ရာ “အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကာားက ဆု ၄ ခု ရရှိသွားသည်ကို အောက်ပါအတိုင်း တွေ့ရသည်။

၁။ အမျိုးသားဇာတ်ဆောင်ဆု ခန့်စည်သူ (အများနှင့်မသက်ဆိုင်သောသူ)

၂။ အမျိုးသမီးဇာတ်ဆောင်ဆု မို့မို့မြင့်အောင် (မြင်းမိုရ်ထက်ကသရဖူ)

၃။ ဒါရိုက်တာဆု ညီညီထွန်းလွင် (အများနှင့်မသက်ဆိုင်သောသူ)

၎။ အမျိုးသားဇာတ်ပို့ဆု ရဲအောင် (အကယ်ဒမီရှော့)

၅။ အမျိုးသမီးဇာတ်ပို့ဆု ခင်မို့မို့အေး (အများနှင့်မသက်ဆိုင်သောသူ)

၆။ ရုပ်ရှင်ဓာတ်ပုံဆု သန်းညွန့်(ပန်းသာ) (ကြိုးတန်း)

၇။ ရုပ်ရှင်ဇာတ်ကားဆု မျက်ခြယ်ရုပ်ရှင် ထုတ်လုပ်ရေး (အများနှင့်မသက်ဆိုင်သောသူ)

အများနှင့်မသက်ဆိုင်သောသူ ဟာသကားနှင့် ပတ်သက်ပြီး ဆုရသူတဦးဖြစ်သည့် ခန့်စည်သူက "တခြား ဟာသကားတွေမှာ Response က အရေးကြီးတယ်။ ဒီကားမှာတော့ ကိုယ်က ကိုယ်လုပ်သမျှ ကိုယ်ပြောသမျှမှန်တယ် ထင်တဲ့သူဆိုတော့ လုံးဝ ဂရုစိုက်စရာ မလိုတော့ဘူး။ ဟာသကား ၁၀ ကားရိုက်ရင် ၉ ကားလောက်က Response ကြောင့်ရယ်ရတာ။ ဒီကားကတော့ Response မရှိတဲ့ အတွက် ပရိသတ် အနေနဲ့ ပိုပြီးရယ်ရတယ်လို့ ထင်ပါတယ်။ အဲဒါက အများနဲ့မသက်ဆိုင်သော ဇာတ်ကားနဲ့ ပတ်သတ်ပြီး အမှတ်တရပါပဲ ဟု ပြောကြားကြောင်း ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ယခင်နှစ်နှင့် မတူသည့် အချက်မှာ ဆုရသူများထဲတွင် အမျိုးသမီး သရုပ်ဆောင် ၂ ဦး ပါဝင်ခြင်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ရုပ်ရှင်လောကသား အများအပြား တက်ရောက်သည့် အပြင် မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ဝင်များ၊ ရုပ်ရှင် ဆင်ဆာအဖွဲ့နှင့် ဗီဒီယို ဆင်ဆာအဖွဲ့တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ဗန်းကိုင်သူ သက်သခင်၊ အေသင်ချိုဆွေ